#Label1 ul{ max-height:500px; overflow:auto; } #Label1 ul::-webkit-scrollbar { height:12px; width: 12px; background: #333;} ::-webkit-scrollbar-thumb { background-color: #ccc; -moz-border-radius: 10px; border-radius: 10px; }

Sunday, August 28, 2011

ရှေးခေါတ်မြန်မာဓါတ်ပုံများ(၁)



ဗြိတိသျှနယ်ချဲ့တပ်များဟာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ရတနာပုံ နေပြည်တော် သိမ်းပိုက်အပြီး တစ်လအကြာ ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တရုတ်ပြည်သို့ အဓိက ဝင်ပေါက်ဖြစ်သော ဗန်းမော်မြို့ကို သိမ်းပိုက် တပ်စွဲခဲ့ပါတယ်။



ဗြိတိသျှတို့၏ အမှတ် (၂၆) ပန်ချာပီ ခြေလျှင်တပ်ရင်းစခန်း ဗန်မော်မြို့၌ တပ်စွဲထားစဉ်။ သက်ကယ်မိုး အဆောင်ရှည်မှာ အရာရှိဆောင်ဖြစ်သည်။




ဗန်းမော်မြို့အနီး ဧရာဝတီမြစ်အား တွေ့ရစဉ်။



ဗန်းမော်ဒေသမှ ရှမ်းအမျိုးသားများအား တွေ့ရစဉ်။



ဗန်းမော်မြို့အနီး တွေ့ရသော သစ်လုံးများ တင်လာသည့် ကျွဲလှည်းနှင့် ကချင်အမျိုးသား။



ဗန်းမော်ဒေသမှ ကချင်လူမျိုးများ။



ဗန်းမော်ဒေသမှ ကချင်မိသားစု။



မဏိပူရ ကသည်းလူမျိုး မောင်ဘအား လားပေါ်၌ တွေ့ရစဉ်။ ကသည်းလူမျိုး အများစုအား ရတနာပုံ နေပြည်တော်၌ ပိုးကုန်သည် အဖြစ်တွေ့ရသည်။ မောင်ဘသည် ငယ်စဉ်ကပင် ရတနာပုံ နေပြည်တော်၌ ကြီးပြင်းခဲ့ပြီး ဗြိတ်သျှ
ထောက်ပံ့ရေးတပ်၏ စကားပြန် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။



မန္တလေး ရွှေမြို့တော်မှ ဆေးလိပ်ဆိုင်။



မန္တလေး ရွှေမြို့တော် ဘုရင့်ဈေးရုံတော်မှ ငှက်ပျောသီးဆိုင်။



မန္တလေး ရွှေမြို့တော် ဘုရင့်ဈေးရုံတော်မှ အိုးဆိုင်။




Monday, June 20, 2011

အနာဂတ်ရွှေနိုင်ငံ

၁.၁.၂၀၆၁

တနင်္ဂနွေနေ့ ၊နံနက် ၁၁:၀၀ နာရီ

ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာကဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသားခေါင်းလေးပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော်ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲဝယ်လာခဲ့တာပါ။မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန်နှင့်ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။ ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ဘယ်မှာနေမှာတုန်း။ မှန်းစမ်းဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။အော်... မင်းကဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။

အခုမင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။မင်းတို့စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။တောက်တိုမယ်ရအလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ဒီကြားထဲအိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ... သွားတော့။လူဝင်မှု အရာရှိရှေ့မှစင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့်ရိုရိုကျိုးကျိုးလျှောက်သွားသည်။ ကျနော်လဲ
ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲမအူမလည်နဲ့။ ကျနော်တို့လိုနိုင်ငံသားများအတွက်က လွယ်သည်။ ID Card ကိုတင်ပေးလိုက်သည်နှင့်အချက်အလက်များအားလုံးယူပြီးသားဖြစ်သွားသည်။ ထိုနောက်အလိုအလျောက် Updateလုပ်သည့် စက်ထဲ ပတ်စ်ပို့ ထည့်လိုက်လျှင် တံဆိပ်တုံးထုပြီးသားဖြစ်သွားသည်။

လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့နိုင်ငံခြားသား ခွဲပြီးတန်းစီခိုင်းခြင်းဖြစ်သည်။အေးလေ... မြန်မာနိုင်ငံထဲ ဝင်လာလို့ ရတယ်ဆိုတာနည်းတဲ့ အခွင့်အရေးမှမဟုတ်တာ။ အကြံအဖန်တွေကလဲ အများသား မဟုတ်လား။ ဒီတော့လဲ.... ဒီလောက်တော့စစ်ဆေးရမှာပေါ့။ စက်ကတော့ အကြံအဖန်က မစစ်နိုင်ဘူးလေ...လွန်ခဲ့သောနှစ် (၅၀)ခန့်က...အိုစမာဘင်လာဒင်ဆိုေ
သာ အကြမ်းဖက်သမားကြီးသေပြီးနောက်သူ့အဖွဲ့မှလူများကအမေရိကန်ကိုလက်စားချေမည်ဆိုကာ အီရန်မှ ခိုးလာသော ယူရေနီယမ်များကိုသုံးကာအမေရိကန်ရှိ မြို့ (၁၅)မြို့ကို အဏုမြူဗုံးခွဲလေတော့သည်။

ထိုအထဲတွင်အဏုမြူထိပ်ဖူးများသိုလှောင်သော လက်နက်ရုံလဲ ပါသွားရာနိုင်ငံတခြမ်းပြုတ်ပြုတ်ပြုန်းလေတော့သည်။ ထိုအဖြစ်အပျက်ကြောင့် အီရန်ကိုအမေရိကန်ကဟိုက်ဒရိုဂျင်ဗုံးကြဲချရာ အီရန်ကလက်လှမ်းမှီရာအိမ်နီးချင်းနိုင်ငံများတွင် တပ်စွဲထားသော အမေရိကန်များနှင့်အစ္စရေးကိုအဏုမြူလက်နက်၊ ဓာတုလက်နက်များဖြင့် ပြန်တိုက်ရာ အရှေ့အလယ်ပိုင်းတခွင်စစ်မြေပြင်ဖြစ်ကာ ပြာပုံအတိဖြစ်တော့သည်။ထိုနောက်ပိုင်းတွင် အာရပ်နိုင်ငံများတွင် အစွန်းရောက်ဝါဒီများ တက်လာပြီးထိုသို့စစ်ဖြစ်ရသည်မှာ ဥရောပကြောင့်ဟု စွပ်စွဲပြီး အီးယူနှင့်နေတိုးကိုစစ်ကြေငြာတော့သည်။ ဗြိတိန်နှင့် ရန်စရှိသော အာဂျင်တီးနားကဘရာဇီးကိုစည်းရုံးပြီးအာရပ်နိုင်ငံများဖက်မှ မဟာမိတ်လုပ်သည်။ စစ်တို့၏ထုံးစံအတိုင်း ပါဝင်သူနိုင်ငံအားလုံး ပြာပုံသာသာ ဖြစ်ကျန်ခဲ့တော့သည်။

ထိုသို့စစ်ကြီးပြီးစမှာပင် ငလျင် အလှုပ်များသော အာတိတ်မီးစက်ဝန်း(Arcticring of Fire)တွင် ပြင်းအားအဆင့် ၁၈ ရှိသော ငလျင်ကြီးလှုပ်ရာဆူနာမီကြောင့်သြစတြေးလျတိုက်နှင့် အာရှ အရှေ့ပိုင်းကုန်လေသည်။ဂျပန်ဆိုရင် လှိုင်းလုံးကြီးသည်
ကျွန်းအရှေ့မှ အနောက်သို့တိုင်ဖြတ်သွားလေသည်။ အီရန် စစ်ပွဲနှင့်အတူနူကလီးယားလက်နက်များပြန့်ပွားသွားရာ ချေချင်းညာရှိ ခွဲထွက်ရေးသူပုန်များကရုရှကိုလည်းကောင်း၊ တိဘက်မှ တရုတ်ကိုလည်းကောင်း၊ ပါကစ္စတန်နှင့်အိန္ဒိယကအချင်းချင်းလည်းကောင်း အသီးသီး တွယ်လိုက်ရာကမ္ဘာပေါ်တွင်နိုင်ငံတော်တော်များများပြာကျကုန်သည်။

စင်ကာပူဆိုလျှင်လည်းဆူနာမီလှိုင်းလုံးကြီးက တကျွန်းလုံးကို ဖြတ်အုပ်သွားရာတနိုင်ငံလုံးဖြူကာပြာကာ ကျသွားသည်။ ထို့နောက်တွင်မတော့ အကောင်းပကိကျန်တာဆိုလို့အာဖရိကတိုက်နှင့် အရှေ့တောင်အာရှနိုင်ငံအနည်းငယ်ပဲကျန်တော့သည်။ အာဖရိကအနေဖြင့်လဲ အခြေခံအဆောက်အဦးပိုင်းမပြည့်စုံ။ ထိုင်းကလဲကမ္ဘောဒီးယားနဲ့နယ်စပ်ပြဿနာဖြေရှင်းနေရာ စစ်ပွဲဖြစ်သဖြင့်
တိုးတက်ရေးကိုအာရုံမစိုက်နိုင်။ ထိုနောက် မြန်မာနိုင်ငံမှာအင်အားကြီးဖြစ်လာသည်။

ကမ္ဘာစစ်ဖြစ်သဖြင့် အင်တာနက်မပျက်သော်လည်း Google, FacebookData Centerတို့မှာ စစ်ကြောင့်ပျက်စီးမှု ထဲပါသွားသဖြင့် မြန်မာနိုင်ငံမှလူငယ်တစ်စုက"ပေါက်ပေါက်ရှာရှာ" ဟူသော အင်တာနက်ရှာဖွေရေးတည်ထောင်ရာ အောင်မြင်သဖြင့်နေ့ချင်းညချင်း ဘီလျံနာဖြစ်သွားသည်။ Facebook ပျောက်ဆုံးမှုနှင့်
အတူ မြန်မာကျူးပစ်၊ မြန်မာဆိုက်ဘာမီဒီယာစသည်တို့ နာမည်ရလာကာအပြည်ပြည်ဆိုင်ရာသုံးဖြစ်လာကြသည်။ ယူကျု အစားမြန်မာစုဗူးစသည်ဖြင့်ကမ္ဘာ့ဈေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်သဖြင့်မြန်မာနိုင်ငံတွင်နည်းပညာသူဌေးတွေ ပေါလာသည်။စီးပွားရေးဘက်ကိုကြည့်
ဦးမလား။ တချိန်ကရေနံအများဆုံးထွက်ခဲ့တဲ့နိုင်ငံတွေမှာ စစ်ကြောင့်ရေနံတွင်းတွေမီးလောင်တာတောင်ကုန်အောင်မငြိမ်းနိုင်သေး။ ပိုပြီးသန့်စင်တဲ့သဘာဝဓာတ်ငွေ့ကလဲမြန်မာနိုင်ငံမှာ အလျှံပယ်ထွက်နေသဖြင့်မြန်မာ့စီးပွားရေးမှာမိုးထိအောင် ထောင်တက်တော့သည်။

ဂျပန်နှင့် တရုတ်မှ ကားထုတ်မည်ဆိုကာမြန်မာနိုင်ငံတွင်စက်ရုံဆောက်ပြီးကာမှာ နှစ်နိုင်ငံစလုံး ပြာကျသွားဖြင့်ကမ္ဘာ့အကြီးဆုံး ကားစက်ရုံကြီးမှာ မြန်မာနိုင်ငံတွင်သာတည်ရှိတော့သည်။အရင်ကစက်မှုဇုန်များမှာလဲ ကားစက်ရုံများဖြစ်နေကြပြီ။ ကျွမ်းကျင်လုပ်သားများလိုအပ်သဖြင့် ဂျပန်မှ အလုပ်လက်မဲ့ဖြစ်နေသောယခင်စက်ရုံလုပ်သားဟောင်းများမှ ကျွမ်းကျင်သူများကို မြန်မာနိုင်ငံတွင်ပြည်လည်ခေါ်ကာ ခန့်ထားရသည်။ပထမပိုင်းတွင်ကျွမ်းကျင်လုပ်သား များလာသော်လည်းနောက်ပိုင်းအကြံအဖန်များလာသဖြင့်ဂျပန်နိုင်ငံသားများ၏ဗီဇာကိုတင်းကျပ်ရတော့သည်။ ဒါတောင်မြန်မာနိုင်ငံမှာ အိုဗာစတေးအများစုမှာဂျပန်ဖြစ်နိုင်သည်။ဂျပန်ကို အမှီလိုက်တာကကိုရီးယား။ ဆူနာမီပြီးတာ့သံဝေဂတွေရကာတောင်နှင့်မြောက်ပြန်လည်ပေါင်းစည်းခဲ့သော်လည်းနှစ်နိုင်ငံစလုံးပြာဖြစ်နေသဖြင့်

ဆင်းရဲတွင်းကမတက်နိုင်ဖြစ်နေရသည်။ဒါကြောင့်ချမ်းသာသည့် မြန်မာနိုင်ငံထဲလာချင်သည့် ကိုရီးယားတွေများလာသည်။တချိန်က
မြန်မာနိုင်ငံတွင်ကိုရီးယားကားများ ခေတ်စားခဲ့သဖြင့်ကိုရီးယားသား၊ကိုရီးယားသူ ချောချောလေးတွေဆိုရင် မြန်မာနိုင်ငံတွင်အလုပ်ရလွယ်သည်
။ ဧည့်ကြို၊အရောင်းဝန်ထမ်း စသည့် လူများနှင့် ဆက်ဆံရသောနေရာများတွင် ထိုကဲ့သို့ချောချောလေးများ ထားလျှင် အဆင်ပြေ တတ်သဖြင့်ဖြစ်သည်။ သို့သော် မြန်မာစကားကိုကျွမ်းကျင်အောင် တတ်မှသာလျှင်အလုပ်ရလွယ်သည်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို
အလုပ်လိုချင်တဲ့ ဂျပန်သူ၊ဂျပန်သားချောချောတွေ၊ ဥရောပသူဥရောပသားချောချောတွေကလည်းတန်းစီနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင် အလုပ်လုပ်လိုသူများမှာမြန်မာစကားကိုကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားကြရသည်။

ပညာရေးဘက်ကိုကြည့်ဦးမလား။ အထင်ကရ တက္ကသိုလ်မှန်သမျှပြာဖြစ်ကုန်ရာ ၁၉၂၀ပြည့်က စဖွင့်ခဲ့သော ရန်ကုန်တက္ကသိုလ်သည်သာကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး တက္ကသိုလ်ဖြစ်နေတော့သည်။အသစ်ပြန်
လည်တည်ဆောက်ထားသော အောက်စဖို့၊ကင်းဘရစ် စသည့် အစဉ်အလာရှိသည့် တက္ကသိုလ်များမှ ထွက်မှသာလျှင်
ရန်ကုန်တက္ကသိုလ်တွင်ပညာဆက်လက်သင်ကြားရန်အတွက် အရည်အချင်းစစ် စာမေးပွဲဖြေရန်အသိအမှတ်ပြုသည်။ အစဉ်အလာမရှိသည့် တက္ကသိုလ်များမှဆိုလျှင်ဟားခါးတက္ကသိုလ်၊မြဝတီတက္ကသိုလ်၊ တာချီလိတ်တက္ကသိုလ်စသည်ဖြင့်နယ်
စွန်နယ်ဖျားမှကျောင်းများထံတွင် အရည်အချင်းစစ်စာမေးပွဲသွားရောက်ဖြေဆိုကြရသည်။ သို့သော် နိုင်ငံတကာမှကျောင်းသားများကတော့ လာတက်ကြသည်။ ရန်ကုန်တက္ကသိုလ်မှ MBA ဘွဲ့တခုရလျှင်ပင် ဘယ်နိုင်ငံမဆိုအလုပ်သွားလျှောက်လျှင် ကုမ္ပဏီ ကြီးကြီးတွင်အနည်းဆုံး မန်နေဂျာ ရာထူးတော့ ကျိန်းသေရနိုင်သည်မဟုတ်လား။ တချို့ကလည်းဘွဲ့ရလျှင်မြန်မာနိုင်ငံထဲတွင် အလုပ်ပြန်လျှောက်ကြသည်။ ရသည့် လစာကလည်းကွာတာကိုး။ မြန်မာတွင်အလုပ်ရပါက မိခင်နိုင်ငံရှိအိမ်ကိုငွေပြန်ပို့နိုင်ပြီးဖောဖောသီသီ သုံးစွဲနိုင်မည်ဖြစ်သည်။တချိန်က နာမည်ကြီးခဲ့တဲ့ Microsoft, Apple ဆိုတာတွေကို မြန်မာနိုင်ငံမှနည်းပညာသူဌေးများက ဝယ်ယူလိုက်သည်။အမေရိကန်တွင်ရုံးခွဲအဆင့်လောက်သာ ဖွင့်ထားတော့သည်။

ရေမြင့်လျှင်ကြာတင့်ဆိုသလိုမြန်မာနိုင်ငံသားများလည်း မျက်နှာပွင့်တော့သည်။ကမ္ဘာ့နိုင်ငံတိုင်းသည်မြန်မာပတ်စ်ပို့ကို ဆိုက်ရောက်ဗီဇာပေးထားသည်။ဘာမှကြိုလျှောက်စရာမလိုရောက်တာနဲ့ immigration ကိုဝင် ပတ်စ်ပို့ပြလိုက်သည်နှင့် အိုကေ။

ရှိုးမန်းနီး ဘာညာပြစရာမလို၊ နိုင်ငံသားတိုင်းတွင် ပတ်စ်ပို့နံပါတ်တခုစီအတွက်ဘဏ်အကောင့်ရှိထားပြီသား။ ဘယ်နိုင်ငံ ဘယ်ဘဏ်မှာမဆိုပိုက်ဆံထုတ်လို့ရသည်။ကမ္ဘာ့ဘဏ်ကလည်း ငွေကြေးယူနစ်ကို ကျပ်ဖြင့်သာတွက်၍ပြောတော့သည်။
ဘယ်နိုင်ငံသွားသွား ပတ်စ်ပို့ အနီရောင်လေးမြင်လိုက်တာနဲ့ အိုကေ။မြန်မာနိုင်ငံသားများကလည်း တချိန်ကနာမည်ကြီးခဲ့သော အမေရိကန်ကိုသွားလည်လေ့ရှိသည်။ စစ်ကြောင့်ပျက်စီးခဲ့သည့်အပျက်အစီးများကိုအမှတ်တရသွားကြည့်ကြခြင်းဖြစ်သည်
။ အမေရိကန်များသည်ပတ်စ်ပို့အနီရောင်မြင်လျှင်လန့်လေ့ရှိသည်။ သူတို့စီးပွားရေးလုပ်ငန်းများ၏ သူဌေးတော်တော်များများမှာ မြန်မာနိုင်ငံမှဖြစ်ကြသောကြောင်ဖြစ်သည်။တော်သေးတာတခုက မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာကိုလက်ခံနေသေးတာပင်။ ဒေါ်လာ၊ ပေါင်၊ယူရိုစသည့် တို့နှင့်အိမ်နီးချင်းထိုင်းနိုင်ငံ ငွေကြေးလောက်သာ မြန်မာက
လက်ခံသည်။ ဒါတောင်CurrencyExchange မှာလဲပြီးသုံးရသည်။ တိုက်ရိုက်သုံး၍မရ။မြန်မာကျပ်ကတော့ဘယ်နိုင်ငံမဆို လဲ၍လည်းရ၊
တိုက်ရိုက်သုံး၍လည်းရသည်။

မြန်မာနိုင်ငံသားမျာ မျက်နှာပွင့်သလောက်မြန်မာနိုင်ငံထဲဝင်ချင်သူများအဖို့ အတော်ခက်ခဲသည်။ နိုင်ငံအတွင်းရှိနိုင်ငံသားတယောက်က
ထောက်ခံပေးမှသာလျှင် ဗီဇာရနိုင်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သူများအဖို့ဘုန်ကြီးများဆီအပူကပ်ကာ ဗီဇာရအောင်လျှောက်ပြီး နေလျှင်လည်းဘုန်းကြီးကျောင်းတွင်နေလေ့ရှိသည်။သို့သော် သူတို့ အပြောအရမြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းများမှာ ဂျပန်၊အမေရိကန် နှင့်အင်္ဂလန်ရှိ ဟော်တယ်များထက် ပိုသာသည်ဟုဆိုကြသည်။ ဗီဇာက
တလခန့်သာရလေ့ရှိရာထိုအတောအတွင်း အလုပ်လေးတခုရအောင် လျှောက်ကြရသည်။ ယခင်က
ဘုန်းကြီး ကပ္ပိယလုပ်လိုသူများအတွက် ကပ္ပိယဗီဇာပေးသော်လည်းအကြံအဖန်များလာသဖြင့်ထိုဗီဇာထုတ်ပေးခြင်းကို ရပ်နားထားရသည်။ ယခင်ကအာဆီယံ နိုင်ငံအဖွဲ့ဝင်များကိုဗီဇာစည်ကမ်းများလျော့ပေါ့ပေးရာ စင်ကာပူ၊မလေးမှ အကြံအဖန်များဝင်လာခြင်း၊အိုဗာစတေးများ များလာခြင်းတို့ကြောင့်ပြန်လည်တင်းကျပ်ရသည်။ မလေးကကောင်တွေဆိုပိုဆိုး မြန်မာစကားလဲကောင်းကောင်းမတတ်၊ ရှိုးမန်းနီးလဲ မပါသလောက်၊ လာတော့ တိုးရစ်ဗီဇာ။
ဒါကြောင့် ဟိုတလောက ဂျာနယ်မှာဖတ်လိုက်ရတာ လေဆိပ်ကပြန်လွှတ်ရတာ အယောက်၂သောင်းကျော်သွားပြီဆိုပဲ။ ခုနက စလုံးသားလောက် မြန်မာစကားပြောတတ်မှအလုပ်ရနိုင်သည်။ မဟုတ်လို့ကတော့ လာပြီး ငွေကုန်လူမောတာပဲ အဖတ်တင်မယ်။

အားကစားဘက်ကိုကြည့်ဦးမလား။ လစာအကောင်းဆုံးရသည့် နေရာဆိုလို့ MyanmarNationalLeague (MNL) သာရှိသဖြင့် ဘရာဇီး၊ အာဂျင်တီးနား၊ဂျာမနီစသည်တို့မှ ဘောလုံးသမားအားလုံး လာရောက်ကစားရသည်။ MNLတွင်လာမကစားဖူးလျှင် ကမ္ဘာ့အဆင့် ဘောလုံးသမားဟုမသတ်မှတ်ကြ။ထိုဘောလုံးသမားများကလည်းမြန်မာနိုင်ငံသားဖြစ်လိုကြသဖြင်အလုအယက်လျှောက်ထားနေကြရာ
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတိုင်းသည်မြန်မာနိုင်ငံသားများပင်ဖြစ်သည်။ ကမ္ဘာ့ဖလားပွဲကိုလည်းအခြားနိုင်ငံများတွင်
လက်ခံကျင်းပနိုင်လောက်အောင်ပြည့်စုံခြင်းမရှိသဖြင့် မြန်မာနိုင်ငံတွင်လက်ခံကျင်းပရသည်မှာ(၃)ကြိမ်ဆက်ရှိပြီးထို(၃)ကြိမ်စလုံးဗိုလ်စွဲခဲ့သည်


ဆက်သွယ်ရေးဘက်ကိုကြည့်ဦးမလား။တနိုင်ငံလုံးအင်တာနက်မမိတဲ့ နေရာမရှိ။ကျိုက်ထီးရိုးဘုရားမှသည် ပူတာအို ရေခဲတောင်အထိ အင်တာနက်ရသည်။ အနှေးဆုံး 1Gbs toအမြန်ဆုံး 10Gbs အထိရသည်။ရန်ကုန်တမြို့လုံးမှာ မြေကြီးဆိုလို့ ပန်းခြံထဲ သွားကြည့်မှပဲမြင်ရမယ်။ကျန်တဲ့နေရာက ကတ္တရာ၊ ကွန်ကရစ်အပြည့်ခင်းထားတာ။ ကော့သောင်းမှ ပူတာအိုအထိကျည်ဆန်ရထားဖောက်ထားသည်။ ရန်ကုန်မြို့ထဲတွင်မောင်းသူမဲ့တက္ကဆီများပြေးဆွဲပေးသည်။ အခြားဘယ်နိုင်ငံမှ မရှိ။စစ်တွေဖြစ်ပြီးနောက်နူကလီးယားကြောင့်လားမသိ။ ရာသီဥတုကတော့အတော့ကိုပြောင်းလဲလာသည်။ အတော်လဲပူလာသည်။ ခုတောင်အတော်ပူနေသည်။

"ဟေ့ကောင်... ထ... ထ....။ မင်းကလဲမီးပျက်ပြီးမှောင်ကြီးထဲအိပ်နေတယ်။"သူငယ်ချင်းဖြစ်သူ၏ လှုပ်နိုးမှုကြောင့်နိုးသွားသည်။ အော်... အင်တာနက်က 10MBလောက်ရှိတဲ့ ဖိုင်ကြီး ဒေါင်းလုပ်ဆွဲတာ စောင့်ရင်းအိပ်ပျော်သွားတာ
အိပ်မက်တွေတောင်မက်နေတယ်။မင်းကိုလာပြောတာ မြန်မာအသင်းဒီနေ့ပွဲရှုံးပြီးအုပ်စုကလှည့်ပြန်လာရပြီလို့။ ပြောပြောဆိုဆိုနဲ့
သူကပြန်သွားသည်။

အော်... မီးက ပျက်နေတယ်။ ဘောပွဲလဲရှုံးပြီ။တော်ပြီကွာ.... အိပ်တာပဲကောင်းပါတယ်။
အိပ်မက်ပဲစိတ်ချမ်းသာတယ်......

Saturday, June 18, 2011

ထမင်းစားပြီးရှောင်ကြဉ်သင့်သောအချက်(၇)ချက်

(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်

ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။

ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက

ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။

လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန် အခက်ခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။

ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။

ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်

ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။

လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ြ

ခင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။

တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ ထို့ကြောင့်ထမ်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်

ထမ်းစားပြီးချက်ချင်းအိပ်လိုက်ခြင်းကြောင့်ကျွန်ုပ်တို့စားသုံး

လိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။ ထို့ ကြောင့် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

"ရှော့ခ် "

မြို့ကလေး၏ ညချမ်းအချိန်က ပုံမှန်အနေအထားအတိုင်း စည်ကားလျက်။

ပန်းချီဆရာသည် သာမန်နှုန်းထက်မြန်သော ခြေလှမ်းများဖြင့် လျောက်လာခဲ့၏။

မိတ်ဆွေတစ်ဦးထံမှရသော ဗင်းဆင့်ဗန်ဂိုးအကြောင်းရိုက်ကူးထားသည့်

"The Lust for life" အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုချင်လှပြီဖြစ်၏။

မထင်မှတ်ပဲ မိုးက ၀ုန်းခနဲ သည်းကြီးမည်းကြီး ရွာချလိုက်သည်။

မိုးကိုကျိန်ဆဲရင်း နီးရာလက်ဘက်ရည်ဆိုင်အတွင်းသို့ပြေးဝင်လိုက်ရ၏။

ဆိုင်ထဲတွင်ကား လူစည်ကားလျက်။လက်ဘက်ရည်ဆိုင်ကိုပဲ အခွေဖွင့်ခိုင်းတော့မည်ဟု စိတ်ကူးလျက်

တီဗီရှိရာလှမ်းအကြည့်

"မက်ဆီရာ.......ီး တဲ့မှပဲ....လူဘယ်လိုပေးတာလဲ.....ဘာဘာတော့ဗ်ကွ .....ချစမ်းကွာ......+ - x@#$%......."

ဘောလုံးပွဲကောင်းနေကြသကိုး။ဆန္ဒကိုအသာသိမ်းဆည်းရင်း လက်ဘက်ရည်တစ်ခွက်မှာကာ

စားပွဲပေါ်ရှိမဂ္ဂဇင်းတစ်အုပ်ကို ပျင်းရိစွာ လှန်လိုက်၏။အဆင်အပြင်ညံ့လွန်းလှသည်။

ကာလာသီအိုရီကို နကန်းတစ်လုံးမှနားမလည် ထားသိုဖွဲ့စည်းမှုအလေးချိန်အယူအဆနားမလည်ပဲ

ဒီဇိုင်နာလုပ်နေသူများအား စိတ်ထဲမှတစ်ချက် ပျစ်ပျစ်နှစ်နှစ်ဆဲလိုက်မိ၏။

"ဟား.....မိုးကလဲကောင်းသကွာ....နွားသိုးနှင့်မိုး အစိုးမရဆိုတာ ဒါပဲကွ...."

ထီးကိုဖျတ်ခနဲ တစ်ချက်ပိတ်ရင်း ဆိုင်ထဲသို့ လူနှစ်ဦးထပ်ဝင်လာ၏။

တစ်ဦးက တရုတ်ပြည်ဖြစ် ဒစ်ဂျစ်တယ်စိပ်ပုတီးကို တချောက်ချောက်နှိပ်လျက်

တစ်ဦးကကော်လံကတုံးအကျီဖြူ ကပိုကယိုဝတ်လျက်။ဟိုသည်ကြည့်ရင်း ပန်းချီဆရာရှိရာစားပွဲ၌ ၀င်ထိုင်ကြ၏။

"ဘယ်လိုလဲ....ရောင်းကောင်းရဲ့လားဟေ့"

ဦးပုတီးကဆိုင်ရှင်အားလှမ်းမေးလိုက်၏။

"မဆိုးပါဘူးဗျာ....အရက်လောက်တော့ မရောင်းရဘူးပေါ့....

သမ္မာအာဇီဝနဲ့ လုပ်စားရတာလဲ ဒီခေတ်မလွယ်လှဘူးဗျ"

ဆိုင်ရှင်က မျက်စောင်းထိုးရှိ အရက်ဆိုင်အား မလိုတမာလှမ်းကြည့်လျက် ပြန်ဖြေလိုက်၏။

"အော်....မောင်ရင့်နှယ် ဒီခေတ်က အကုသိုလ်ကောင်တွေ ကြီးပွားတဲ့ခေတ်ကွ...

ဒါပေမယ့်သူတို့ကြီးပွားတာ တစ်ဘ၀စံတွေပါကွာ....ကံငါးပါးမလုံပဲ...

အခုစံနေရတာနောက်ဘ၀ခံဖို့ကွ...မှတ်ထား....ယောနိသောမန သီကာယ တဲ့......

နှလုံးသွင်းကောင်းဖို့ အရေးကြီးသကွ....သဘောပါတယ်မလား"

ဦးပုတီးမှပြန်ပြောသောစကား။

သဘောပေါက်လားလဲမဟုတ် သဘောပါလားဆို၍ ပန်းချီဆရာအတန်ငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ပြုံးမိသည်။

အော်...ဦးသုမင်္ဂလ လေသံကိုး.....။

ထိုအခိုက် "ဖျစ်ဖျစ်...ဖြန်းဖြန်း" မြည်သံများနှင့်အတူ အထိတ်တလန့်အော်သံများကြားရ၏။

" ဟာ....ရှော့ ဖြစ်တယ်ဟေ့...ဓါတ်ကြိုးပြတ်ကျပြီ...သတိထားဟေ့"

ရုတ်တရက်မိးမှောင်ကျသွား၏။

"အင်ဗာတာထွန်းဟေ့.....တီဗီခလုပ်ကို ပိတ်နော်.....ဟိုကောင် ၀ိုင်းတွေကို ကြည့်ထား"ဆိုင်ရှင်၏ အော်သံ။

"ဟဲလို ..ဟဲလို....အီးပီစီကလားခင်ဗျာ....ဟုတ်ကဲ့...

ကျွန်တော်တို့(...)လမ်း(...)ရပ်ကွက်(...)လက်ဘက်ရည်ဆိုင်ရှေ့မှာ

ဓါတ်ကြိုးပြတ်ကျလို့ သတင်းပို့တာပါခင်ဗျား ကျွန်တော်သတင်းထောက် ..... ပါ"

CDMA ဖုန်းဖြင့် ဟန်ပါပါပြောရင်း ၀င်ရောက်လာသူက ပန်းချီဆရာနှင့် မျက်မှန်းတန်းမိနေသော သတင်းသမားဖြစ်၏။

ပန်းချီဆရာအား လက်မြှောက်ပြုံးပြရင်း ၀င်ထိုင်ကာ ဖုန်းခလုပ်များအား နှိပ်နေပြန်၏။

ဝေါကနဲ အရက်ဆိုင်ဘက်မှ မီးစက်နှိုးသံနှင့်အတူ မီးများလင်းလာသဖြင့် လမ်းပေါ်ရှိမြင်ကွင်းများအား ပြန်အာရုံရောက်သွား၏။

မိုးရေထဲ ဒီဓါတ်ကြိုးက ဒုက္ခပေးနိုင်တယ်....အို...ဟိုလူဖုန်းဆက်ထားတာပဲလေ....တာဝန်ရှိသူတွေလာလုပ်မှာပေါ့....

ရေစိုနဲ့လျပ်စစ်ကိုင်ရတာ အန္တရာယ်ပဲ...

"မီးလေးတတို့လောက်ဗျာ...."

ဦးပုတီးက မီးလှမ်းတောင်းသဖြင့်မီးခြစ်ကိုသူ့ဘက်တွန်းပေးလိုက်၏။ဆေးလိပ်ကိုအားပါးတရ ရှိုက်ဖွာရင်း

"အင်း....ဒုက္ခ...ဒုက္ခ....ရသာတဏှာမပြတ်နိုင်တော့လဲ ဒုက္ခကို သုခအမှတ်နဲ့ ငြိတွယ်နေရတာပေါ့ဗျာ....ဒါကြောင့် တဏှာကို

အပြီးသတ်နိုင်ဖို့ဆိုတာ ........."

ပန်းချီဆရာ၏ ဘုကြည့်ကြောင့် ဦးပုတီးစကားက အိုဗာဝိတ်ယာဉ် မော်တော်ပီကယ်မိသလို အို့တို့အမ်းတမ်း ဖြစ်သွား၏။

ဟုတ်သည်။လူချင်းတွေ့မည်မှမကြံသေး....ဘာသာရေးအကြောင်း ထောင်းလမောင်းထအောင်ပြောတတ်သူများအား

ပန်းချီဆရာ အလွန်ရွံ၏။စတွေ့ကာစ လူအပေါ် လူမှုဆက်ဆံရေးနယ်ပယ်တွင် ဘာသာရေးပြောခြင်းဖြင့်

အသာစီးယူခြင်းဖြစ်သည်ဟု မြင်၏။အများအားဖြင့် အတွင်းနှလုံးသားညစ်နွမ်းသူများသည်

ယင်းကဲ့သို့ လူကြားသူကြားဘာသာရေးပြောခြင်းဖြင့် မိမိ၏ယုတ်ညံ့မှုကိုဖုံးကွယ်တတ် လေးစားကြည်ညိုမှုရှာတတ် (၀ါ)

သူတော်ကောင်းဟန်ဆောင်တတ်ကြသည်ဟု ယူဆ၏။

"ခင်ဗျားသိပြီးပြီလား....ဘင်လာဒင်ကိုဖမ်းတဲ့ကိစ္စနဲ့ နောက်ဆက်တွဲသတင်းတွေ"

သတင်းသမားက စကားစပြန်၏။

"သူ့အကုသိုလ်က သူ့ပြန်သတ်တာပေါ့ကွာ....အဲဒါကြောင့် အသိနဲ့

သတိယှဉ်ပြီးနေဖို့ အရေးကြီးတာပေါ့" ဦးပုတီးက စကားဝိုင်းကို တရားဖြင့် ဦးဆောင်ရန်ကြိုးပမ်း၏။

"အဲဒီသတိလွတ်လို့ ဘင်လာဒင်ခံလိုက်ရတာပေါ့ဗျ...ခုဆို ဘင်လာဒင်လဲသေပြီ...ဟူစိန်လဲသေပြီ...

အီဂျစ်လဲ ပြည်သူကို အလျော့ပေးလိုက်ရပြီ....လစ်ဗျားလဲသွားတော့မယ်....ဒီတော့

ဒီနှစ်ဟာ ကမ္ဘာမှာ အာဏာရှင်တွေ အကြမ်းဖက်သမားတွေရဲ့ ကျဆုံးတဲ့နှစ်လို့ ပြောလို့ရတယ်...."

လည်ကတုံးနှင့်လူမှ ၀င်ပြော၏။နိုင်ငံရေးသမားဖြစ်ဟန်တူသည်။ထိုသို့ နိုင်ငံရေးစကား ဟောင်ဖွာဟောင်ဖွာပြောတတ်သူများအားလည်း

ပန်းချီဆရာမုန်း၏။တိုင်းပြည်ကိုသူတို့ပဲကယ်တင်မလိုလို...သူ့လိုမပြောသူများအား

သတ္တိမရှိ၊မျိုးချစ်စိတ်မရှိသလိုလို.....ဒင်းတို့ကိုအာဏာပေးကြည့်ပါလား......

ဘာကောင်ဖြစ်ဖြစ် ဒီနေရာရောက် ဒီသောက်ချိုးမျိုးပဲ ဖြစ်လာမည်ထင်၏။ပိုတောင်ဆိုးလေမလားမသိ။

ထို့ကြောင့် မဲပေးစဉ်က ဘယ်ပါတီတစ်ခုကိုမှ မကြိုက်ပါဟု အကုန်လျောက်ကြက်ခြေခတ်ပစ်ခဲ့၏။

ခတ်ခတ်မခတ်ခတ် ဘာထူးသနည်း။အောင်မောင်းကြီး ကမှတော့ ခြေထိုးလေးပါမည်မှာ ဗေဒင်မေးနေစရာမလို။

"သတင်းအချက်အလက်တွေ မြန်ဆန်ပုံကလဲ ပြောမနေနဲ့ဗျို့....ဟိုမှာအခု တိုက်နေတာကို ဒီမှာအခုကြည့်လို့ရတယ်"

သတင်းသမားကစကားဝိုင်းကို ပြန်လု၏။

"အော်....သူတို့ခမျာ သွားရတော့မယ်လေ....ကံကုန်ပြီမဟုတ်လား.....သူတို့အတိတ်ဘ၀ပေးကုသိုလ်ကံကိုက

ဒီအချိန် ဒီလိုဖြစ်ရမယ်ဆိုတာပါပြီးသားဗျ.....ဒါကြောင့်မြတ်စွာဘုရားရှင်က ဟောခဲ့တာပေါ့..."

ဦးပုတီးကလည်း ရှေ့တန်းကို ဇွတ်တိုးဝင်၏။ဦးပုတီး၏တိုက်စစ်ကို နိုင်ငံရေးသမားက

ဝင်ဖျက်ထုတ်၏။သတင်းသမားကအတင်းဆွဲပြေးရာ ဦးပုတီးကလိုက်လု၏။

"စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြုတ်ဖို့ရာမှာ......CNN ရဲ့နောက်ဆုံးသတင်းပေးပို့ချက်အရ ယခုဆိုလျင်....

မြတ်စွာဘုရားသည် မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီငါးဦးအား....ကျုပ်တို့ဟာ လက်နက်ကိုလက်နက်နဲ့တိုက်ယူရမယ်လို့....

ကဒါဖီက အိုဘားမားကို ကံငါးပါးလုံအောင်ထိန်း သဘောပါတယ်မဟုတ်လားလို့ပြောတာ...

ဒီမိုကရေစီရဖို့ အခုလက်ရှိအစိုးရအနေနဲ့ သာဓုသုံးကြိမ်ခေါ်ဆို ရေစက်ချရန် .....

သတင်းမှတ်တမ်းများကို ဒေါင်းလုဒ်ဆွဲယူကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ......အဟောသိကံ....ကောင်းလေစွ...."

ပန်းချီဆရာ၏ အကြားအာရုံတွင် စကားလုံးများ မီးပွိုင်မိကာ လမ်းကြောင်းပိတ်ဆို့ရှုပ်ထွေးမှုများ ဖြစ်လာသောကြောင့်

သည်းညည်းမခံနိုင်ပဲ ထပြန်မည်လုပ်တုန်း.....

"ဒီးးး....ဒီး...ဖြတ်...ဖြတ်...ဖြန်း...အား....."

"ဟေ့....ဓါတ်လိုက်နေတယ်ကွ"

အသံများကြားသဖြင့် လှည့်ကြည့်လိုက်ကျရာ စောစောက

ပြတ်ကျသောဓါတ်ကြိုးနှင့် လူတစ်ယောက်ငြိနေသည်ကို မြင်ရ၏။

ပန်းချီဆရာနှင့် ကျန်လူများ ၀ုန်းခနဲ ထရပ်ကြည့်ကြ၏။မိုးထဲရေထဲ

ဓါတ်ကြိုးမှ လျှပ်စစ်လှိုင်းများ နှင့် လူ၏တုန်ခါအကြောဆွဲနေပုံ၌ မင်သက်မိနေကြ၏။

"ဟာ...သေပြီထင်တယ်......ဒါ ဖိုးဖိုတီး လိုင်းကြိုးကြီး "

"ဟေ့.....အနားမကပ်ကြနဲ့ .....မိုးတွေစိုနေတယ် အကုန်သေကုန်မယ်"

ဘယ်သူကမှသူရဲကောင်းမလုပ်ရဲကြ။

ရုတ်တရက်ဝါးလုံးရှည်တစ်လုံးဖြင့် ပြေးဝင်လာသူက မျက်စောင်းထိုးမှ အရက်ဆိုင်ရှင်။

ဝါးလုံးရှည်ဖြင့် ဓါတ်ကြိုးကိုရိုက်ချဖယ်ရှားကာ ဓါတ်လိုက်ခံရသူအား ၀ါးလုံးဖြင့်ရေလွတ်ရာလှိမ့်ထုတ်ကာ ထမ်းထုတ်သွား၏။

ရှေးဦးသူနာပြုနည်းဖြင့်ပြုစုနေပုံရသည်။

"ဟဲလို.....ဟဲလို......ဟုတ်ကဲ့....ဒီမှာ...လူတစ်ယောက် ဓါတ်လိုက်ခံရလို့ပါခင်ဗျာ" သတင်းသမား၏ အသံ။

"ဟိုတောင်တွေပလုံးတွေ ဘက်ထရီအိုးတွေက ဓါတ်လိုက်ခံရတဲ့

လူရဲ့ဟာတွေဗျ......ဒီလူက ရေမြောင်းထဲက ငါးတွေကို ရှော့ရိုက်ဖမ်းတဲ့လူ.....

ဓါတ်ကြိုးပြတ်နေတာ သတိမထားမိလို့ဖြစ်မယ်" လက်ဘက်ရည်ဆိုင်ရှင်၏ အသံ။

"ကျုပ်တို့ဆီကလဲ မိုးရွာတာနဲ့ မီးကပျက်ပြီ....ဓါတ်ကြိုးကပြတ်ပြီ.....သူများနိုင်ငံတွေများဆိုရင်..." လည်ကတုံး၏ အသံ။

" အော်.....ငါးကို ရှော့ရိုက် ဖမ်းတဲ့လူ ဓါတ်လိုက်ခံရတာကိုး....

နည်းသေးတယ်ပြောရမယ်...အကုသိုလ်များ လက်ငင်းကိုအကျိုးပေးတယ်ဆိုတာ တယ်မှန်....

ခုပဲကြည့် ချက်ချင်းကိုဝဋ်လည်တာပဲ....အကုသိုလ်....အကုသိုလ်....တယ်ကြောက်စရာကောင်းသကိုး...." ဦးပုတီး၏ သံဝေဂသံ။

"အကုသိုလ်.....အကုသိုလ်..."ပန်းချီဆရာ၏ နှလုံးအိမ်ထဲ

တွင် လတ်တလော အဖြစ်အပျက်များကို တရေးရေးပြန်မြင်မိ၏။အကုသိုလ်နဲ့အသက်မွေးတဲ့လူ....အရက်ရောင်းတဲ့လူကရော......

ဒါပေမယ့်သူ့လက်နဲ့ လူ့အသက်တစ်ချောင်းကို ကယ်လိုက်တယ်.....ဒါဘယ်လောက်တန်ဖိုးကြီးတဲ့ လူသားဆန်မှုလဲ....

ငါတို့ဘာလုပ်နေသလဲ....ရုပ်ရှင်ကြည့်သလိုကြည့်နေကြတယ်.....

ငါ့ရဲ့လောကကြီးကိုအလှဆင်နေတယ်လို့ထင်တဲ့ အနုပညာလက်ချောင်းတွေ......

တိုင်းပြည်ကိုကယ်တင်ဖို့ လက်သီးလက်မောင်းတန်းနေတဲ့ လည်ကတုံးရဲ့လက်တွေ....

ကမ္ဘာကြီးကိုရွာဖြစ်အောင်လုပ်နိုင်တဲ့ သတင်းသမားရဲ့လက်တွေ

....အနိစ္စ...ဒုက္ခ...အနတ္တ...လက္ခဏာရေးသုံးပါးဆင်ခြင်ရင်း ပုတီးတချောက်ချောက်စိပ်နေတဲ့လက်တွေ....

..........အကုသိုလ်နဲ့အသက်မွေးတဲ့ အရက်ဆိုင်ရှင်ရဲ့ ၀ါးလုံးကိုင်လာတဲ့လက်တွေ.......

............ဘယ်လက်က တန်ဖိုးကြီးသလဲ..........

ဘယ်လက်က ကယ်တင်ရှင်လက်လဲ.........

ရှော့ရိုက်ငါးဖမ်းသူ ဓါတ်လိုက်ခံရသော မိုးသည်းညတွင်

ပန်းချီဆရာ၏ နှလုံးသား၌ ရှော့ခ် အကြီးကြီး ရသွားပြီဖြစ်လေ၏။

လဂွန်းအိမ်